၂၀၁၆

ပြန်ကြည့်ခြင်း

Swan Htet Aung
SH’s Blog

--

မထင်မှတ်ဘဲအလုပ်ပြန်ဝင်ဖြစ်တယ်

Bindez မှာ ဘာလို့ဝင်လုပ်ခဲ့တာလဲဆိုပြီး သိတဲ့သူ အတော်များများမေးကြတယ်။ အဲဒီတုန်းကအလုပ်လုပ်ဖို့ လာခေါ်တဲ့လူတိုင်းကို ကိုယ်တိုင်လုပ်နေတဲ့ app တစ်ခုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ငြင်းလွှတ်ခဲ့တာကို။ နောက်တော့ ကိုယ်နဲ့ အတူလုပ်မယ့်သူတွေကလဲ အချိန်ပြည့်မလုပ်နိုင်သေးတာနဲ့ ခဏလောက်အလုပ်ပြန်ဝင်ဖို့ ဖြစ်သွားရော။ အဲဒါနဲ့ပဲ ကိုယ်ကြိုက်တဲ့ Thadin app ကို အပြင်လူအနေနဲ့ အကြံပေးတာမထိရောက်မှာစိုးလို့၊ ကုမ္ပဏီထဲဝင်ပြီး ကိုယ်သုံးချင်တဲ့အတိုင်း ဝင်ပြင်ခဲ့တာပါ။ 😁 logo တွေ interface တွေကအစ ကိုယ့်ဟာကို အစအဆုံးပြန်လုပ်ပေးပြီး၊ application တစ်ခုမှာ အရေးအကြီးဆုံးလို့ ကျွန်တော်ယုံကြည်တဲ့ retention ကိုတက်လာအောင်လုပ်တာပါပဲ။ Bindez မှာ ကျွန်တော်လုပ်ခဲ့တာ ၅ လလောက်ပဲကြာပေမယ့်၊ အချိန်တိုလေးအတွင်းမှာ လုပ်ပေးနိုင်ခဲ့တဲ့ ရလာဒ်ကိုတော့ အရမ်းကျေနပ်မိတယ်။ သူတို့ app ရဲ့ retention rate ကို ၁၀ ဆမကဆွဲတင်ပေးနိုင်ခဲ့တာကိုအတော်လေး ဂုဏ်ယူတယ်။ ဘယ်လိုမှမဖြစ်နိုင်တဲ့ အချိန်အကန့်အသတ်ကြားထဲမှာ စနစ်တကျနဲ့ ပြီးအောင်လုပ်နိုင်ခဲ့တဲ့ team ကိုလဲချီးကျူးမိတယ်။

သင်တန်းတွေအများကြီးတက်ဖြစ်တယ်

ဒီတစ်နှစ်တော့ online မှာ သင်တန်းတွေတက်ပြီး၊ တကယ်လိုက်လုပ်ဖြစ်တဲ့နှစ်လို့ဆိုရမယ်။ အရင်ကဆို တက်တော့တက်လိုက်ပါရဲ့၊ စာတွေပုံမှန်လိုက်မလုပ်နိုင်တော့၊ အိမ်စာတွေမဖြေနိုင်တာနဲ့ ဆက်မတက်ဖြစ်တဲ့ အတန်းတွေအများကြီး။ ကျောင်းတုန်းကလို စာသင်ခန်းထဲမဖြစ်မနေ သွားထိုင်ရတာမျိုးမရှိလေတော့ ကိုယ်တိုင်စည်းကမ်းမကျပ်နိုင်ရင်မရဘူး။ စစချင်းကဆို အတွေ့အကြုံနုသေးတော့ ရင်းလိုက်ရတာတွေအများကြီးပါ။ ရုပ်ရှင်တွေကြည့်လို့မရဘူး၊ ဂိမ်း”တစ်ပွဲ”လေးဆော့ပါဦးမယ်လဲမရဘူး၊ သူငယ်ချင်းတွေက ခေါ်ရင် တစ်နာရီပါပဲဆိုတာတောင် ၁၀ ခါခေါ်မှ ၁ခါ လောက်ပဲသွားနိုင်တယ်၊ ပိုဆိုးတာကတော့ ရည်းစားက လာတွေ့ပါဆိုရင်တောင် မတွေ့နိုင်တော့တာပဲ။ အဲဒီလိုလုပ်မှ ပေးထားတဲ့ အိမ်စာတွေလုပ်နိုင်ပြီး၊ စာမေးပွဲကို ဖြေနိုင်တယ်။ ဒါပေမယ့်၊ တစ်ရက်ကို ပုံမှန် ၁ နာရီကနေ ၂ နာရီကြား သင်ခန်းစာဗီဒီယိုလေးတွေကြည့်ရုံနဲ့ရမှန်း သိလာတယ်။ အရမ်းကြီး အားစိုက်ထုတ်စရာမလိုတော့ပဲ အလေ့အကျင့်ဖြစ်သွားတယ်။

ဒီနှစ်မှာ မထင်မှတ်ဘဲ ပြီးအောင်တက်ဖြစ်တဲ့ အတန်းတွေက

အလုပ်လိုအပ်ချက်အရမို့သာ အပြီးထိလုပ်ဖြစ်သွားတာလို့လဲထင်တာပဲ။ လေ့လာပြီးရင် ပြန်သုံးရမယ့်နေရာရှိနေတော့ အလုပ်ပိုဖြစ်ပြီး၊ ပိုလေ့လာဖြစ်တယ်။

MyanZen အတွက် တွန်းအား

Telenor Myanmar ကလုပ်တဲ့ပြိုင်ပွဲမှာဝင်ပြိုင်ပြီး၊ ကံကောင်းစွာနဲ့ပဲ dtac accelerate ဘန်ကောက်မှာ ၄ လ လေ့လာခွင့်ရခဲ့တယ်။ ရလာတဲ့ အကျိုးကျေးဇူးကတော့ အများကြီးပါ။ ပြိုင်ပွဲရှိကြောင်းပြောပြပေးတဲ့ သူငယ်ချင်းရဲ့ကျေးဇူးလဲ ကြီးပါတယ်။

ပြိုင်ပွဲဝင်ပြီး၊ နိုင်ခဲ့လို့သာ တွန်းအားတစ်ခုဖြစ်ခဲ့တာ။ မဟုတ်ရင်​ ဒီအချိန်မှာ အသင်းကွဲပြီး၊ ကျွန်တော်တစ်ယောက်ထဲ ဘယ်လို ဆက်လုပ်နေမလဲမတွေးတတ်ဘူး။

အကြောင်းကြောင်းကြောင့် Telenor Myanmar ရဲ့ ရင်းနှီးမြှုပ်နှံငွေကိုတော့ မယူဖြစ်ခဲ့ဘူး။

ဘေးထွက်ဆိုးကျိုး

အခုတော့ ကိုယ့်ရင်းနှီးငွေနဲ့ကိုယ် အချိန်တစ်ခုထိ Bootstrap လုပ်နေကြတာမလို့၊ စနောက်ပြီးပဲဖြစ်ဖြစ် funded startup ဘာညာခေါ်နေကြတာက တော်တော်ကသိကအောက်ဖြစ်ခဲ့တယ်။ အဆိုးဆုံးကတော့ CEO ဆိုတဲ့ဟာပဲ။ သူငယ်ချင်းတွေကတော့ အချင်းချင်းမလို့ စပြီးနောက်ပြီး CEO ကြီး ဘာညာ ခေါ်ကြပေမယ့်၊ အဲဒီလိုအခေါ်ခံရတာက ကျွန်တော့်အတွက်တော့ စိတ်အဆင်းရဲဆုံးကိစ္စပဲ။ ကျွန်တော်တို့ Telenor Myanmar ပြိုင်ပွဲမှာ စစချင်းပြိုင်တော့ “Who’s actually in charge?” ဆိုတာမျိုး၊ နောက်ပိုင်းမှာ တခြားလူတွေနဲ့ မိတ်ဆက်တော့လဲ သူတို့က ဘယ်သူနဲ့တိုက်ရိုက်ဆက်သွယ်ရမလဲ မသိတာမျိုးဖြစ်လာတာနဲ့ အဲဒီဟာတွေမတပ်ချင်ပဲ တပ်ထားလိုက်ရတယ်။ အရင်ကလို ကိုယ့်ယုံကြည်ချက်အတိုင်း အခေါ်အဝေါ်မရှိဘဲ ဆက်ပြီးမထားခဲ့မိတာ နောင်တအတော်ရမိတယ်။

ဝင်ငွေရှိတုန်းက ၉၅% လောက်စုထားမိတာ မှန်သွားတယ်

အသက်ကြီးလာတာနဲ့အမျှ ပိုက်ဆံလိုလာတယ်။ ၁၇၊​ ၁၈ အရွယ်တုန်းကဆို အိမ်က ထမင်းလဲကျွေး မုန့်ဖိုးလဲပေးတယ်။ နောက်ပြီး “စာကျက်တယ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်ဝါသနာပါတာလုပ်နိုင်သေးတယ်။ ကိုယ့်ပတ်ဝန်းကျင်ကရွယ်တူ သူငယ်ချင်းဆိုတာကလဲ ပိုက်ဆံအရမ်းလိုတဲ့သူဆိုတာ မရှိတတ်ဘူး။ အဲဒီတော့ ဒီအရွယ်က ရူးလို့ကောင်းတယ်။ ဝါသနာတူ သူငယ်ချင်းတွေစုပြီးပဲဖြစ်ဖြစ်၊ ကိုယ့်ကိုအခွင့်အရေးပေးမယ့် လုပ်ငန်းမျိုး၊ ပညာရမယ့်လုပ်ငန်းမျိုးမှာ ဝင်လုပ်သင့်တဲ့အရွယ်ကောင်းပဲ။ တကယ်တတ်ကျွမ်းထားဖို့လိုပြီး၊ အိပ်မက်ထဲမှာ ရပ်မနေဖို့တော့လိုတာပေါ့လေ။

အခု ကျွန်တော်တို့ ၂၄၊ ၂၅ အရွယ်မှာကြတော့ လူတိုင်းက ကိုယ်စီကိုယ်စီအကြောင်းကြောင်းနဲ့ ရပ်တည်ဖို့၊ ဘဝတည်ဆောက်ဖို့လိုကုန်ရော။ အထူးသဖြင့် တစ်ကိုယ်ထဲသမားမဟုတ်ဘဲ၊ အိမ်ရဲ့တာဝန်ကို ပုခုံးပြောင်းထမ်းရတဲ့သူတွေအတွက်က မရေရာတဲ့ အလုပ်မျိုးမှာ စုံနှစ်လိုက်ဖို့ဆိုတာ အတော်စဉ်းစားရတဲ့အခြေအနေဖြစ်သွားပြီ။

ကိုယ်ပိုင်အလုပ်လုပ်ဖို့ နောက်ကျသွားပြီဆိုတဲ့ အရွယ်မရှိပေမယ့်၊ အသက်ကြီးလာတာနဲ့ အမျှ အိပ်မက်၊ အကြံဉာဏ်၊ လုပ်ရည်ကိုင်ရည် ဆိုတာတွေနဲ့တင် လုပ်ဖော်ကိုင်ဖက်ဖြစ်လာမယ့်သူတွေကို ဆွဲဆောင်ဖို့မလုံလောက်တော့ဘူး။ ကိုယ်နဲ့စိတ်တူကိုယ်တူလိုက်ရူးနိုင်မယ့် သူငယ်ချင်းတွေရှိခဲ့မယ်ဆိုရင်တောင် ပိုက်ဆံကိုမကြည့်ပဲရူးသွပ်နိုင်မယ့် အချိန်အတိုင်းအတာဆိုတာ ကိုယ်ကော သူကောမှာ ရှိလိမ့်မယ်။ အဲဒီအချိန်အတိုင်းအတာဟာလဲ တစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်တော့ ထင်သလောက်အဆင်မပြေခဲ့ရင် အချည်းအနှီးဖြစ်သွားလိမ့်မယ်။ ကိုယ့်လုပ်ငန်းကဝင်ငွေမရှိသေးရင်ဆိုတဲ့ အခြေအနေတစ်ခုကို ကြိုတွက်ပြီး၊ အခြေခံဝင်ငွေအဆင့်ကို အိတ်ထဲကစိုက်ထုတ်နိုင်ဖို့ စုဆောင်းခဲ့သင့်တယ်။ များများနဲ့ ရည်ရှည်စုခဲ့နိုင်လေကောင်းလေပဲ။

အတွေးလွန်ခဲ့တယ်

ကိုယ်နဲ့အတူ လိုက်ပြီးရူးသွပ်မလားဆိုတာက သူငယ်ချင်းတွေရဲ့ ဆုံးဖြတ်ချက်ပါ။ ကိုယ်ကဘာမှ မပြောကြည့်ဘဲနဲ့ ကောက်ချက်ဆွဲထားလို့မဖြစ်ဘူး။ ငါ့မှာအရင်းအနှီးလဲမရှိဘူး၊ သူတို့ကို ငါမှ ပိုက်ဆံမပေးနိုင်တာ၊ သူတို့လက်ရှိအလုပ်က လခတွေအများကြီးရနေတာပဲ၊ ငါ့အလုပ်က မအောင်မြင်ရင် သူတို့ကို အလကား ဒုက္ခတွင်းထဲ ဆွဲထည့်မိသလို ဖြစ်ပါဦးမယ်။ ဒီအတွေးတွေက တကယ့် အဆိပ်တွေ။ ကိုယ့်အလုပ်က သူတို့ကို ကိုယ်လုပ်နေတာချပြရမှာ။ ကိုယ်နဲ့အတူ ဝင်လုပ်ဖို့ ဖိတ်ခေါ်ရမှာ။ သူတို့က ကိုယ့်ကိုယုံကြည်ပြီး ကိုယ့်နောက်လိုက်လာအောင် လုပ်ပြရမှာ။ ကိုယ့်ကိုယုံကြည်ပြီး ကိုယ့်နောက်လိုက်လာတော့မှ ခုနက အတွေးလိုမျိုး အပြင်မှာ တကယ်မဖြစ်အောင်၊ တကယ်အောင်မြင်လာအောင် ဦးဆောင်ပြီး ကြိုးစားရမှာ။

တစ်ခါတစ်လေမှာ အားနာတတ်ပြီး၊ သူများဘက်ကဝင်တွေးပြီး၊ အတွေးလွန်ကောက်ချက်မဆွဲသင့်ဘူး။ ကိုယ်လုပ်စရာရှိတာ အရင်လုပ်ပြီး၊ ဆုံးဖြတ်တာကို သူတို့ဟာသူတို့လုပ်ပါစေ။ သူတို့စိတ်ထဲမှာ ကိုယ်ကတစ်စက်မှသောက်သုံးမကျဘူးဆိုရင် ဘယ်လောက်ခင်နေပါစေ၊ ပိုက်ဆံပုံအောပေးလဲ လိုက်လာမှာ မဟုတ်ဘူးလေ။

နောင်တမရအောင်နေတယ်

နိုဝင်ဘာတစ်လလုံး ကျန်းမာရေးတော်တော်မကောင်းဘူး။ အဆိုးထဲကအကောင်းကတော့ သေမှာမကြောက်တော့ဘူး။ ဘာမှမသိလိုက်ဘဲ သေသွားရင်အကြောင်းမဟုတ်ဘူး။ ရုတ်တရက်ဒုက္ခိတဖြစ်သွားရင်၊ ဘာမှမလုပ်နိုင်မကိုင်နိုင်ဖြစ်သွားရင် နောင်တမရနေချင်ဘူး။ ငါမလုပ်လိုက်ရလေခြင်းဆိုတာ အတော်ဆိုးမယ့် ခံစားချက်ပဲ။

အဲဒီလိုပဲ ကျန်းမာရေးကောင်းအောင် မနေခဲ့လေခြင်းဆိုတဲ့ နောင်တလဲ မရချင်လို့၊ လူလိုသူလိုဖြစ်အောင်ပြန်နေဖို့ ကြိုးစားရမယ်။

လောလောဆယ်တော့ စိတ်ဓာတ်ကျနေတာလား မသိဘူး။ စိတ်ထဲမှာ ဟာတာတာဖြစ်နေတယ်။ ကိုယ့်ကိုကိုယ် သိပ်အားမရဘူး။ ဘာမှ အဖြစ်မရှိသလို မြင်နေတယ်။ ၂၀၁၆ ကိုပြန်ကြည့်ပြီး၊ ကိုယ်လုပ်နိုင်ခဲ့တာတွေကို ချရေးလိုက်ရင် စိတ်သက်သာသွားမယ် ထင်ခဲ့တယ်။ အောက်ဘက်ရောက်လေလေ၊ မလုပ်ဖြစ်ခဲ့တာတွေ၊ မှားခဲ့တာတွေကို နောင်တရပြီး ကိုယ့်ကိုကိုယ် ဆုံးမစာလိုလိုဘာလိုလိုတွေပဲထွက်လာတယ်။ ဆက်မရေးတော့တာကောင်းမယ်…

--

--

Visionary Founder and CEO with over 10 years of experience in leading the development and launch of cutting-edge AI products and driving business growth.